တောင်ပေါ်ရောင်စဉ်ဓါး၊ ဂိမ်း

Thursday, November 26, 2009



လယ်ဗယ်ကို ရွေးပြီးတာနဲ့

တသမ်းသမ်းတဝေေ၀ နေလို့မရတော့ဘူး


စထွက်တာနဲ့ အစွမ်းကုန်လှုပ်ရှား

မျက်စေ့ရှင်ရှင်၊ လက်ရှင်ရှင်ထား

ရသမျှ အကုန်စား

မီးအစိမ်းလင်းနေသမျှ အကုန်စား၊ တွီ တွီ

ဒီဘောနပ်စ်တွေ စားထားမှ ရောင်စဉ်ဓါးရမယ်

'ရှေ့အပတ်ထဲ ပြန်မရရင် မဖြစ်တော့ဘူး၊ ရှော့ခ်ရှိတယ်'

ရောင်စဉ်ဓါးရမှ မီးနဂါးကို နိုင်မယ်

တောင်ပေါ်လမ်းမှာ ဘယ်လမ်း၊ ညာလမ်း

ညာဘက်လမ်းကိုရွေး

ရှေ့ခလုတ်၊ အောက်ခလုတ် တစ်ပြိုင်တည်းနှိပ်

တွေ့သမျှ ခုတ်၊ လိုက်ခုတ်၊ တွီ

'ငါလည်း ရှာနေတာပဲကွာ၊ ရမှ မရတာ'

တောင်ကြားကတက်လာမယ့် တိမ်တွေကို စောင့်

အကြီးဆုံးပေါ်လာရင် ပေါ်နဲ့ ရှေ့ခလုတ်နှိပ်၊ တိမ်ပေါ်ရောက်

အပေါ်ဆုံးရောက်ရင် ရှေ့နှစ်ကွက်ဆက်နှိပ်၊ တွီ

အဲဒါ တောင်ထိပ်ပဲ၊ နောက်ဆုံးစတိတ်ခ်ျပဲ

'ငါ အိမ်မှာ မရှိဘူးပြောလိုက်၊ အပြင်သွားနေတယ်ပြောလိုက်'

အဲ့ဒီမှာ ဆရာကောင်တွေချည့်ပဲ

မင်းလည်း ဆရာကောင်ဖြစ်နေပြီပဲ

သွေးမကုန်သေးသ၍. . . ချ ။



မောင်ပြည့်မင်း

၂၀၀၉

သိုက်တူးသမားတယောက်အကြောင်း ပြန်လည်ပြောပြချက်

Saturday, November 21, 2009

ကြေးစားကလည်း ကြေးစားပီသတယ်
ရန်သူကလည်း ရန်သူပီသတယ်
လူကလည်း လူပီပီသသ။

မနက်ခင်းမှာ အရက်နာကျတယ်
နေ့လယ်ခင်းမှာ စိတ်ဓာတ်ကျတယ်
ညတွေမှာ ရင်ကွဲနာတွေကျတယ်။

တီတူးပြီးရောင်းလို့ ရတယ်
ဆံပင်ဖြတ်ပြီးရောင်းလို့ရတယ်
တိုင်းပြည်ကိုလက်ညှိုးထိုးပြီးရောင်းလို့လည်းရတယ်။


ဘာမနာလိုစရာရှိလဲ
အင်ဒရူးဝိုင်းယက်က ကိုယ်ပိုင်ကျွန်းမှာ ပန်းချီဆွဲတယ်
ငါက ကိုယ်ပိုင်အလွမ်းအဆွေးတွေနဲ့ ကဗျာရေးတယ်။

ဘာမနာလိုစရာရှိလဲ
မင်းနဲ့ငါလည်း ငွေလိုနေတယ်
လူသန်းပေါင်း (၆၀) လည်း ငွေလိုနေတယ်
အမေရိကန်အစိုးရမှာလည်း ငွေလိုနေတယ်။

ဘာမနာလိုစရာရှိလဲ
သုဘရာဇာက အလောင်းအလှပြင်တယ်
ငါက စာအုပ်အလှပြင်တယ်
သွေးဆာရင်ကောင်းကင်မော့ကြည့်တယ်။

ပန်းအလှစိုက်ပြီး
ယဉ်ကျေးချင်ယောင်ဆောင်သောလူသားကမ္ဘာမှာ
ခွေးအလှမွေးပြီး
ယဉ်ကျေးချင်ယောင်ဆောင်သောလူသားကမ္ဘာမှာ။

ဘာမနာလိုစရာရှိလဲ
ကိုယ်က တောနက်တယ်
လောကက ငါးမန်းပေါတယ်
အသား အသားချင်းမို့ မှားယွင်းမိခဲ့တယ်။


သစ်ကောင်းအိမ်

လမ်းလျှောက်ထွက်သွားတဲ့ အိပ်မက်

Thursday, November 5, 2009

တနေ့က ကျွန်တော် အိပ်မက်တစ်ခု မက်ခဲ့ဖူးတယ်။ အိပ်မက်အကြောင်း ပြန်ပြောမယ်ဆိုရင် လူအများစုက `ညက ငါ အိပ်မက်မက်တယ်´ ဒါမှမဟုတ် `မနေ့ညက ငါ အိပ်မက်တစ်ခု မက်တယ်´လို့ ပြောဆိုသုံးနှုန်းတတ်ကြပါတယ်။ ကျွန်တော့်အိပ်မက်ကတော့ နေပူပူ နေ့လည်ခင်းတစ်ခုမှာ မက်ခဲ့ပုံပေါ်ပါတယ်။ အဲဒီနေ့လည်ခင်းမှာ အမှန်တကယ် ပူ မပူ ကျွန်တော် မသိပါ။ ကျွန်တော်က အိပ်ပျော်နေပြီး နေပူမယ်ဆိုတာကို ထင်ကြေးဖြင့် ပြောဆိုခြင်းဖြစ်၍ စာဖတ်သူက ကျွန်တော့်အား ခွင့်လွှတ်စေချင်ပါတယ်။ ကျွန်တော်သည် ညအချိန် အတော်များများကို အလုပ်လုပ်ခြင်းဖြင့် ကုန်ဆုံးစေသဖြင့် မနက်စောစောပိုင်းမှသည် နေ့လည်နေ့ခင်းအထိ အိပ်တတ်၍ အိပ်မက်သည်လည်း နေ့ခင်းဘက်ကြီး ရောက်လာရခြင်း ဖြစ်မည်ထင်ပါသည်။ သာမန်အားဖြင့်တော့ ကျွန်တော်သည် အိပ်မက်များကို ယုံကြည်လေ့ရှိသူ မဟုတ်ပါ။ သို့သော်လည်း ထို့အတွက်ကြောင့် ကျွန်တော့်အား အိပ်မက်မမက်သူဟု မယူဆစေလိုပါ။ အိပ်မက်တွေကို မှတ်သား ပြန်ပြော နိမိတ်ကောက် ပုံဖော်တတ်သူတစ်ယောက် မဟုတ်ပါဟုသာ ဆိုလိုခြင်း ဖြစ်ပါသည်။

ယခု အိပ်မက်ကတော့ နည်းနည်းထူးဆန်းနေပါသည်။ နိုးနိုးခြင်း ကျွန်တော် အိပ်မက်မက်နေသည်ဟူသော အသိတရားတစ်ခုကို ဘယ်ကမှန်းမသိ လက်ခံရရှိနေခြင်း ဖြစ်ပါသည်။ ကျွန်တော် အိပ်မက်ကနိုးတော့ ညနေ သုံးနာရီထိုးနေပြီ။ ညနေခင်းနေက အီလည်လည်ကြီး ပွင့်လို့ ပူလောင်အိုက်စပ်နေသည်။ အမှန်မှာ ကျွန်တော်က အိပ်မက်မှ နိုးလာခြင်းမဟုတ်ဘဲ အိပ်ပျော်နေရာမှ နိုးလာခြင်းသာ ဖြစ်ပါသည်။ အိပ်မက်ကတော့ အိပ်ယာထဲမှာ ဆက်မက်နေပုံ ရပါသည်။ ကျွန်တော် ရေမိုးချိုးရန်အတွက် ရေချိုးခန်းထဲ ၀င်စဉ်အတွင်းမှာပဲ အိပ်မက်အကြောင်းကို ပြန်စဉ်းစားမိနေပါတယ်။ အိပ်မက်ထဲမှာ တစ်စုံတစ်ယောက်က ကျွန်တော့်ကို တစ်ခုခု ပြောနေပုံပဲ။ `ချစ်သော ဖေဖော်ဝါရီ ကလေးနှစ်ယောက်နဲ့ ရောက်လာပြီး သူမ ဒုက္ခရောက်နေတယ်လို့´ ကျွန်တော့်ကို ပြောပြတာလား… ဒါလည်းမဟုတ်သေးပါဘူး… သိသလိုရှိနေသော သိမှုက သေချာစဉ်းစားကြည့်မှ မသိဘူး ဖြစ်နေပါတယ်။

မျက်နှာသစ် ရေမိုးချိုးပြီးတော့ အိပ်မက်ကို မေ့သလို ရှိသွားပြီ။ `ကျွန်တော် အလုပ်သွားတော့မယ်…´ အိမ်ခန်းထဲကနေ လမ်းမကို ဖွင့်ချလိုက်တော့ တချို့လူတွေက တအိအိနဲ့… တချို့လူတွေက လှုပ်လှုပ်ရွရွနဲ့… ဂနာမငြိမ်တာကို တွေ့နေရတယ်။ သူတို့လည်း သူတို့အိပ်မက်တွေနဲ့ ဒွိဟဖြစ်နေပုံရပါတယ်။ ကျွန်တော်လည်း ထုံးစံအတိုင်း မရေမရာလမ်းတွေ ဆက်လျှောက်နေလိုက်ပါတယ်။ ညနေခင်းကတော့ အဟောင်းတန်းထဲမှာတောင် ရီဂျတ်ထိသွားတဲ့ အင်္ကျီတစ်ထည်လို စိတ်ပျက်လက်ပျက် ဆုတ်ခွာနေတာကို တွေ့လိုက်ရတယ်။

ကျွန်တော်လည်း ညနေခင်းကို ဂရုတစိုက် ကြည့်မနေဘဲ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေလိုက်တယ်။ နုစဉ်အခါတုန်းကတော့ အခုလို ညနေခင်းမျိုးကို `အသည်းကွဲညနေ ငါးနာရီခွဲ´ လို့ သေသေချာချာ ချိန်တွယ်ခဲ့ဖူးပါတယ်။ အခုတော့ ကိုယ့်အလုပ်လောက် ညနေခင်းက ငေးမောချင်စရာ မကောင်းတော့ပါဘူး။ အမှန်တကယ် ကျွန်တော့်အလုပ်ဆိုတာက လမ်းများများလျှောက်ပြီး လူတချို့နဲ့ စကားပြောကြည့်တာပါပဲ။ အဲဒီအလုပ်တွေကို ညဉ့်နက်တဲ့အထိ ကျွန်တော်လုပ်ပြီးရင် မိုးသောက်ချိန်နီးပါးလောက်မှာ စကားလုံးများအဖြစ် စာရွက်အလွတ်တွေပေါ် ရေးရေးချတာပါ။ ညနေခင်းလူတချို့က အိပ်တန်းပြန်ပြီးတဲ့နောက် ညထဲကို လူတချို့ ထိုးစိုက်ဆင်းလာသလိုပါပဲ…။ အလင်းရောင်တွေ ကွက်တိကွက်ကြား စွန်းထင်းနေတတ်တဲ့မြို့မှာ ကျွန်တော် တစ်လမ်းဝင် တစ်လမ်းထွက် လျှောက်သွားရင်း အိပ်မက်အကြောင်းကို ဒုတိယအကြိမ် ပြန်စဉ်းစားမိတာပါ။ အိပ်မက်ထဲမှာ အမေရိကန် အိတ်စ်ပရက်စ်ကုဝန်ထမ်းက ကျွန်တော့်ကို တောင်ကြီးက နှင်းဆီပွင့်တွေ လာပို့ပေးတာပါ… ပြီးတော့ သူက ပြောသေးတယ် `ပန်းတွေ နွမ်းကုန်မှာစိုးတဲ့အတွက် သူ့ဆောင်းဥတုထဲ ထည့်သယ်လာခဲ့တာ´ တဲ့… ကျွန်တော်က သူ့ကို ကော်ဖီတစ်ခွက် ဖျော်တိုက်ပါတယ်။ ကော်ဖီက နှစ်ချို့နေတော့ သူ တော်တော် သည်းခံပြီး သောက်သွားရရှာတယ်…´အေးဗျာ… ဘရာဇီးက ကော်ဖီဆိုတော့ ရန်ကုန်ရောက်တော့ တော်တော်နောက်ကျနေပြီ´ လို့ ကျွန်တော် တောင်းပန်စကား ပြောလိုက်မိသလား မသိဘူး။ အိပ်မက်ထဲမှာမို့ သိပ်မသေချာဘူး။

အဲဒီအချိန်မှာပဲ ရဲကင်းက ရဲက ကျွန်တော့်ကို လှမ်းတားတယ်… `ဟေ့လူ… ဘယ်သွားမလို့လဲ…´ `ကျွန်တော် လမ်းလျှောက်နေတာပါ´ `ဒီအချိန် လမ်းလျှောက်တဲ့အချိန် မဟုတ်ဘူး´ သူက ကျွန်တော့်ကို သင်္ကာမကင်း ဖြစ်နေပါတယ်။ ကျွန်တော့်ကို သူခိုးတစ်ယောက်နဲ့ ဆင်ဆင်တူလားလို့ ခြေဆုံးခေါင်းဆုံး ကြည့်နေပါတယ်။ အမှန်တော့လည်း ကျွန်တော်ဟာ သူခိုးတစ်ယောက်ပါ။ လူတွေရဲ့ ခံစားချက်တွေကို ခိုးယူပြီး စာရေးစားသောက်နေတဲ့ သူခိုးတစ်ယောက်ပါပဲ။ ဒါပေမယ့် ကျွန်တော် အဲဒီလို ရှင်းပြလို့မရတဲ့ အခြေအနေမှန်း သဘောပေါက်လိုက်တယ်။ ကျွန်တော်က မူးယစ်ရီဝေနေဟန်ဆောင်လိုက်ပြီး တစ်ဖက်လမ်းထဲက ဗြူတီဆလွန်းလို့ အမည်ခံထားတဲ့၊ ကောင်မလေးတွေက ဧည့်သည်ကို နှိပ်ပေးပြီး သဘောကောင်းတဲ့ ဧည့်သည်တွေဆို ကောင်မလေးတွေကို ပြန်နှိပ်ပေးလို့ရတဲ့ အနှိပ်ခန်းတစ်ခုကို သွားမလို့ လို့ ပြောလိုက်တယ်။ ရဲသားလည်း အဲဒီတော့မှ စိတ်ချသွားတဲ့ဟန်နဲ့ `ကောင်းပြီ…သွားတော့´လို့ ပြောပါတယ်။ ကျွန်တော်လည်း ခေတ်ဟောင်းဝတ္ထုတွေထဲကလို ခပ်သုတ်သုတ် လျှောက်မသွားပါဘူး။ အေးအေးဆေးဆေး လေချွန်ပြီး ထွက်သွားလိုက်တယ်။ ဒီမြို့ထဲမှာ ဟန်ပျက်လို့ မရပါဘူး။ အကုန်လုံးက ဟန်မပျက် နေနေကြတာမဟုတ်လား…။

လမ်းမတွေကို လှမ်းမျှော်ကြည့်လိုက်တော့ တိတ်တဆိတ်သေနေတဲ့ အနက်ရောင် မြွေကြီးတွေလိုပါပဲ… အလင်းရောင်စူးစူးရှိတဲ့ နေရာတွေကို ပိုက်ဆံအထပ်လိုက်နဲ့ ရမ္မက်ထူထူ လူတချို့ ပိုးဖလံတွေလို တိုးဝှေ့သွားနေပါတယ်။ တချို့နေရာတွေက မယ်လိုဒီမမှန်တဲ့ အသံတွေနဲ့ ရစ်သမ်ပျက်နေတဲ့ ဂီတတွေ ဖိတ်လျှံကျနေပါတယ်။ အကာကွယ်ရောင်းတဲ့ ကောင်လေးတွေ တက္ကစီတစ်စီးဆိုက်တိုင်း ပြေးကပ်သွားတဲ့ မြင်ကွင်းမျိုးကို မနက်ဆိုရင် ဈေး၊ ညဆိုရင် နိုက်ကလပ်… မျက်နှာနှစ်ဖက်နဲ့ အဆောက်အဦးတွေ ကြားထဲမှာ အတိုင်းသား တွေ့နေရပါတယ်။ ကောင်လေးတစ်ယောက်က ငွေအကြွေတွေကို ပလက်ဖောင်းပေါ်မှာ ထိုင်ရေနေပါတယ်။ ဓါတ်မီးတိုင်အောက်မှာတော့ ဆိုက်ကားတစ်စီး အိပ်ပျော်နေပါတယ်။ ဆိုက်ကားရော ဆိုက်ကားဆရာပါ ခြင်မကိုက်သလို၊ အိပ်ယာမလိုသလို လမ်းဓါတ်မီးတိုင်အောက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာပါ။ လူရိပ်မြင်ရင် ထိုးထိုးရပ်တတ်တဲ့ ဈေးကြိုကားတွေ ထွက်လာတော့မှ ကျွန်တော် အိပ်ပြန်ဖို့ သတိရတာပါ။ ဒါဆိုရင် အလုပ်ချိန်ပြီးပြီလို့ ကျွန်တော်ယူဆလို့ ရပါတယ်။ ကျွန်တော့်အလုပ်က ရုံးဆင်းလက်မှတ် ထိုးစရာမလိုသလို အချိန်မှတ်ကဒ်ပြားကိုလည်း တာလီစက်ထဲ ထိုးထည့်ပေးစရာ မလိုပါဘူး။ ဒါပေမယ့် မြင်သမျှ ထိတွေ့သမျှ အရာအားလုံးကို ဘာသာစကားထဲ ထိုးသွင်းတတ်ဖို့ လိုပါတယ်။ ဒါကို ကျွန်တော်က စာရေးတာလို့ ယုံကြည်သတ်မှတ်ထားတာပါ။ စာရေးတာ အလုပ်မဟုတ်ဘူးလို့ ကျွန်တော့်ကို သြဇာလွှမ်းမိုးသူတစ်ဦးက ပြောဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်က လက်မခံခဲ့ပါဘူး။ တတ်နိုင်သမျှ တစ်ဦးတည်း လုပ်နိုင်တဲ့ ဒီအလုပ်ကို ကျွန်တော် ကြိတ်မှိတ်ချစ်နေမိတယ်။ တစ်ခါတစ်လေတော့ အထီးကျန်ဆန်ခြင်း၊ ၀ိုင်းပယ်ခံရခြင်း၊ မွန်းကြပ်မှုများနဲ့ ထိပ်တိုက်ရင်ဆိုင်တိုးရလေ့ ရှိပါတယ်။

စာရေးဖို့ စားပွဲမှာ ထိုင်လိုက်ချိန်ကျတော့မှ အိပ်မက်အကြောင်း တတိယအကြိမ်မြောက် ပြန်စဉ်းစားမိတာပါ။ အိပ်မက်ထဲမှာ နေရောင်ခြည်ဆိုတဲ့ ကောင်မလေးက ကျွန်တော့်ကို ဝေဖန်နေတာပါ။ `ရှင်က လူတွေအားလုံးထဲမှာ အကောက်ကျစ်ဆုံး ဖြစ်ပုံရတယ်… ရှင့်မျက်လုံးတွေက နွေဦးထဲမှာ ရင့်မှည့်နေတဲ့ သစ်သီးတွေလို နွေးထွေးချိုမြိန်နေပြီး ရှင့်အပြုအမူက အေးစက်အက်ကွဲနေတယ်´ `မဟုတ်သေးပါဘူး…´ ကျွန်တော် တစ်ခုခု ပြန်ရှင်းပြမှဖြစ်မယ်…။ ဒီမနက်တော့ စာမရေးတော့ဘဲ စောစောအိပ်မယ်လို့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်တယ်။ ကျွန်တော် အိပ်ယာခင်းပြီး အိပ်မက်ကို စောင့်နေလိုက်တယ်…။ အတော်အကြာမှာ ကျွန်တော် သတိရမိတယ်။ ကျွန်တော်နိုးတဲ့အချိန်တုန်းက အိပ်ယာကို ခေါက်သိမ်းခဲ့ပြီး အိပ်မက်ကိုမှ ခေါက်မသိမ်းခဲ့တာ…။

အိပ်မက်က အိပ်မက်ထဲမှာ လမ်းလျှောက်ထွက်သွားပုံရတယ်။

အဲဒီနေ့က ကျွန်တော် အိပ်မက် ထပ်မမက်တော့ပါ။

မိုးလှိုင်ည

ငါ့ ဆံပင်တွေရှည်နေပြီ

Wednesday, November 4, 2009

ငါ့ ဆံပင်တွေရှည်နေပြီ …
ငါ့ အတွေးစတွေကလည်းရှည်ရှည်လျားလျား
စာကိုတော့ ခပ်တိုတိုပဲ ငါရေးတတ်ချင်တော့တယ်…

ငါ့ အိမ်မက်တွေရှည်ရှည်လျားလျာ့း
ငါ ကတော့ ညတာတိုတိုတွေပဲလိုချင်တော့ တာ
မိုးလင်းလို့ မျက်နှာသစ်ရင်
ငါ ဘာလို့ အသက်ရှင်နေသေးတာလဲ ….?
မေးခွန်းက မရေရာပါ..(ထို့ ကြောင့် ဖြေဆိုရန်မလိုအပ်)

ကဗျာရှည်တွေဖတ်မိနေတယ်
ဝတ္ထုအရှည်ကြီးတွေဖတ်မိနေတယ်…
အခန်းဆက်ဘ၀တွေမှာ
အဓိပ္ပါယ်က မရှိခြင်းသက်သက်…..။

ငါ့ ဆံပင်တွေရှည်လာပြီ
ငါ့ မျှော်လင့် ချက်တွေရှည်လျားလာပြီ
ငါ့ အသက်ကိုတော့ ခပ်တိုတိုပဲနေချင်တော့ တယ်….။

ငါ့ခြေထောက်တွေ ရှည်လျားလာပြီ
ငါ့ခရီးလမ်းတွေ ပိုရှည်လျားလာပြီ
ငါကတော့ အတိုဆုံးလမ်းကိုပဲ ရွေးသွားချင်နေမိ…

ငါညှပ်ချလိုက်တဲ့ ဆံပင်တွေလို
ငါ့မာန…
ငါ့ အတ္တတွေ အထွေးလိုက် ပြုတ်ကျသွားတဲ့နေ့

ငါ ….
သံသရာ….

ရှည်မနေချင်တော့…


မိုးလှိုင်ည

'တော်ရုံသာပြော'

Monday, November 2, 2009

ဘာလဲ။ ဘာလဲ။ အလန့်တကြား အနုပညာလား၊ အနုပညာဆိုတာလား။ တကယ်တော့ ဘာမှ သိပ်မဟုတ်ပါဘူး။ လိင်စိတ်၊ ကိုယ့်ဘောလုံးအသင်း နိုင်စေချင်တဲ့စိတ်၊ ထမင်းဆာခြင်း၊ အိပ်ငိုက်ခြင်း၊ ငွေတစ်ထောင်တန် ဆယ်ရွက်လောက် ကောက်ရလိုက်ခြင်း၊ ဥက္ကဌဖြစ်သွားခြင်း၊ အရက်ကောင်းကောင်း သောက်ရမည့် ဧည့်ခံပွဲဖိတ်စာရခြင်း၊ ချစ်သူတစ်ယောက် ကောင်းစားသွားခြင်း၊ မုန်းသူတစ်ယောက် ပျက်စီးသွားခြင်း၊ အစရှိသော ကိစ္စများကဲ့သို့ ဖြစ်ရိုးဖြစ်စဉ်ကလေးများ၊ ဘ၀မှာ အရေးပါသည်ဟု ထင်ထားသော အသေးအဖွဲ ကလေးတွေလိုပါပဲ၊ သိပ်အရေးကြီးသည်ဟု မထင်ပါ။

ငါ အနုပညာတစ်ခု ဖန်တီးလိုက်ပြီ၊ ငါဖန်တီးသော အနုပညာကို လောကကိုပေးအပ်လိုက်ပြီလို့ ထင်တတ်ကြသည်။ အပြစ်မတင်ပါ။ သမိုင်းမှာ လိုအပ်တာတွေထက် ပိုပြီး ရေးကြီးခွင်ကျယ် လုပ်နေတာ မဟုတ်ဘူးလား။ ပီကာဆို ပန်းချီမဆွဲခဲ့လည်း ဘာမှ ထူးထူးခြားခြားဖြစ်မှာ မဟုတ်ပါဘူး။ ဂျိမ်းစ်ဂျွိုက်စ်တို့ ကပ်ဖကာတို့ ကမျူးတို့ ၀တ္ထုမရေးခဲ့လည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ အဲလရော့တို့ အက်ဇရာပေါင်းတို့ ဗရှိုးတို့ န၀ဒေးတို့ ကဗျာမရေးခဲ့လည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ မြ၀တီမင်းကြီးနဲ့ ပြင်စည်မင်းသား၊ မြို့မငြိမ်းတို့၊ ကိုစောညိန်းတို့ သီချင်းတွေ မစပ်ခဲ့ရင်လည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး။

အနုပညာဆိုတာတွေအားလုံး အစထဲက မရှိခဲ့ရင် (စကားပမာ ပြောတာပါ) ဘာဖြစ်မလဲ။ အနုပညာမရှိတဲ့ လောကကြီးပဲ ဖြစ်မှာပေါ့။ သိပ်ပြီးတော့ ဘာမှမဟုတ်ပါဘူး။ တစ်ယောက်ယောက်က စိတ်ကူးပေါက်လို့ ထလုပ်လိုက်တာ ကြုံကြိုက်တိုက်ဆိုင် ကာရံသင့်ပြီး တစ်ခုခုဖြစ်သွားတာပဲ။ အဲဒါကို အဲဒီအခိုက်အတန့်မှာ တစ်ယောက်ယောက် သဘောကျနှစ်ခြိုက်ပြီး ကျေနပ်သွားတယ်။ အဲဒါကို အနုပညာပဲလို့ ပြောလိုက်တော့ လူတွေကလည်း အဲဒါအနုပညာပဲလို့ လိုက်ပြောကြတယ်။ ဒါပါပဲ။

လိုအပ်နေချိန်မှာ လိုအပ်သောလူတစ်ယောက်နဲ့ အတူအိပ်လိုက်ရတာမျိုး။ ချွေးတွေသံတွေနဲ့ အလွန်ပင်ပန်း နွမ်းနွယ်နေခိုက် ရေတ၀ချိုးလိုက်ရတာမျိုး၊ အရက်ကောင်းတစ်ခွက်ကို တစ်ရှိန်ထိုးမော့ပြီး ပါးစပ်ထဲက ခါးသက်စေးပျစ်သော တံတွေးကို ပျစ်ခနဲ ထွေးလိုက်ရတာမျိုး၊ သိပ်ဆာနေတဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့ဟင်းနဲ့ ထမင်းတ၀ စားလိုက်ရတာမျိုး လိုပါပဲ။ ပိုချင်ရင် ဒါထက် နည်းနည်းပဲပိုမယ် ။

သမိုင်းမှာ လူတွေဟာ လိုတာထက်ပိုပြီး ရေးကြီးခွင်ကျယ် ပုံကြီးချဲ့တတ်ကြလို့ အနုပညာ ဆိုတာလည်း တကယ်ရှိတဲ့ နေရာထက် ပိုမြင့်တယ်လို့ ထင်နေရတာပါပဲ။ အနုပညာ ဆိုတာ လူ့အလုပ်တစ်မျိုးကို ပုံကြီးချဲ့ပြောကြတာလို့ ပြောရမှာပါပဲ။ အဲဒီ အနုပညာရှိလို့ လောကကြီး နေပျော်တယ်ဆိုတာကို မငြင်းလိုပါဘူး။ လူအားလုံး ခံစားနိုင်ရင် ပေါ့လေ။ ဒါပေမဲ့... သူ့ထက်အရေးကြီးတဲ့အလုပ်တွေ ရှိနေတယ်ဆိုတာတော့ သတိပြုမိကြဖို့ ကောင်းပါတယ် ။

(ဇော်ဇော်အောင်)

ဖတ်လို့ကောင်းတဲ့မေတ္တာ

Thursday, October 29, 2009

ချစ်သူက တနေ့နှင်းဆီတဖူးပန်တယ်
ကျနော်က တနေ့ စီးကရက်တဗူးသောက်တယ်
ကျနော်တို့ရဲ့ စုဗူးတွေ အသံတိတ်သွားတဲ့နေ့မှာ
အမေ့ ပိုက်ဆံအိတ် ခြေရာလက်ရာပျက်ခဲ့ရတာပါ ။

အမေက ကျနော့်လက်ချက်မှန်း သိတဲ့အခါ
ပိုက်ဆံအိတ်ကို ဖွင့်ထားပေးတယ်ဗျာ
ပွင့်နေတဲ့ ပိုက်ဆံအိတ်ထဲက ခိုးရတာ
ကိုယ့်အရည်အချင်းကို စော်ကား သလိုပါပဲဗျာ
အဲ့ဒါနဲ့ . . . . .
ကျနော် စီးကရက်ဖြတ်ပြီး နှင်းဆီစိုက်ဖို့လုပ်တယ်
ချစ်သူက နှင်းဆီအစား ဘဝတခုပဲ ပန်တော့မယ်လို့ပြောတယ်
ကျနော့်ဘဝကို ရဲရဲကြီးစိုက်ချပေးလိုက်တယ်


အဲ့ဒါတောင် အမေ့ပိုက်ဆံအိတ် ပွင့်နေတုန်းပဲ ။ ။



သုအိုင်စံ


( သိုးထိန်း မှ မျှဝေပါသည် )

မြို့ပြ၌နေထိုင်ခြင်း

Thursday, October 22, 2009

တရက်နောက်ကျလို့မဖြစ်ဘူး
ဆင်ဖမ်းမလား ၊ အချဉ်ဖမ်းမလားမေးရင်
လွယ်လွယ်ကူကူ အချဉ်ဖမ်းဘို့
သတ်မှတ် စံချိန်၊စံညွှန်းမှီ
ISO ဘယ်အဆင့်ရှိသလဲက စတယ်
စက္ကူ ၊ စာရွက် ၊ စာချုပ် ၊စာတမ်း
ဘွဲ့လက်မှတ်၊ဆာတီဖီကိတ် တွေဟာ
သူ့ထက်အရေးပါတာတောင် သူ့လောက် အရေးမပါဘူး ..
လူသားဆိုတဲ့ အဓိပ္ပါယ်ဟာ တရာသီလုံးစာ ဒါဏ်ရာနဲ့
အရံခုံမှာတောင် နေရာမရရှာတဲ့ ကစားသမား
ယဉ်ကျေးမှု ထွန်းကားရာ အရပ်ဆိုတော့
လူသားချင်း ဝတ်မှုံကူးမှုမှသည် လက်ဆွဲနှုတ်ဆက်ခြင်းအထိ
အကာအကွယ် မသုံးရင် တဘက်သားကို မလေးစားသလိုဖြစ်မယ်
ကဗျာဖတ်တော့လဲ စိတ်အဆာမပြေဘူး
ကဗျာရေးကြည့်တော့လဲ စိတ်အစာမကျေဘူး
ကျနေတဲ့ စိတ်ကို ငယ်ထိပ်အထိဆွဲတင်လိုက်တော့
မို့မို့မြင့်အောင်ရဲ့ စံပယ်တင်မှဲ့နက်လေးကိုလဲ
အရင်လို မတပ်မက်တော့ပြန်ဘူး
မြို့ပြရဲ့ညနက်တွေထဲ လက်ထိုးအန်ချလိုက်ရရင်
လမင်းကြီးတောင် "ထွီ" ကနဲ ထွက်ကျလာမယ်
ကောင်မလေး . . .
အံ့ကြိတ်ထားတဲ့ ငါ့ပါးစောင်နှစ်ဘက်ဟာ
မင်းကို မာန်ဖီရုံသက်သက်မဟုတ်ဘူး
မြို့ပြရဲ့ တန်းဆင်းဇုံထဲမှာ
အသေအလဲ ရုန်းကန်နေရတဲ့မျက်နှာပြင်ပေါ့ကွာ . . .။


ဖုန်းမြင့်

နတ္ထိတရား

သင်ရိုးမရှိတဲ့ဘ၀မှာ
မင်းက ဂုဏ်ထူးဆောင်ဘွဲ့လက်မှတ်တွေ
ထုတ်ထုတ်ရှိုးတယ် ကောင်မလေးရယ်
တစ်ကယ်တော့ ကိုယ်ကိုယ်မှမသင်ကြားမတတ်မြောက်တော့
ကိုယ်ပြင်ပအခြားအရာတွေကို
ငါတို့ ကြွားဝါပြီးနားလည်ခဲ့ကြတယ်…


ကြွယ်ဝမှုမရှိတဲ့ဘ၀ကို
မင်းက ဘယ်လောက်ချမ်းသာပြီလည်းမေးတယ်
ငါကတော့ ဒုက္ခသစ္စာကိုပဲယုံတယ်
သုခတစ်ခဏကိုတော့
ဘယ်လိုမှခံစားလို့မရဘူး…
ငါအတယ်…
သံသရာအလည်အရှုပ်
ငါအပါယ်လေးဘုံက သတ္တ၀ါမလုပ်ချင်ဘူးကောင်မလေးရေ…


အလှမရှိတဲ့ဘ၀မှာ
အလှပြင်ဆိုင်တွေကတော့ခပ်များများပဲ
ဆံပင်၊မွေးညှင်း ၊ခြေသည်း ၊လက်သည်း
ဘယ်အရာကမြဲမလည်း…
နောက်ဆုံးတော့
သူအို ၊သူနာ၊သူသေတွေနဲ့
ငါတို့ဟာ ကိုယ့်အသုဘ ကိုယ်
အလှပြင်ပေးလို့မှမရတာလား…


နောက်ဆုံးတော့
ဘ၀ဆိုတဲ့ နတ္ထိတရားကိုပဲ
ငါရင်ထဲမှာ ဥာဏ်ပညာနဲ့အလှမွေးထားတယ်…။


မိုးလှိုင်ည

တကယ်အိပ်ချင်နေပြီ

Monday, October 19, 2009

ငါ တကယ်အိပ်ချင်နေပြီ။
ငါ တကယ်အိပ်ချင်နေပြီကွာဆိုတဲ့ စကားစုကို အားမနာတမ်း
ရှောရှောရှူရှူဝင်အောင် ဘယ်လိုပြောရမလဲ
အဲဒါခက်တယ်။ ဒီမှာ အဲဒါသိပ်ခက်တယ်
ငါ တကယ်အိပ်ချင်နေပြီကွာဆိုတဲ့စကားစုအပေါ်
မင်းတစ်မျိုးတစ်မည်ခံစားအဓိပ္ပါယ်ဖွင့်အုန်းတော့မယ်
ငါသိတာပေါ့။ ကျီးကျီးချင်းသိသလို ငါသိတာပေါ့
တကယ်က ဘယ်လိုပစ်ခွာဖယ်ကျဉ်မှုမျိုးမှ မပါပဲ
ရိုးရိုးပြောတာ။ တကယ်မျက်ခွံတွေလေးကျလာလို့
တကယ်အနားယူဘို့ လိုလာလို့ ငါ့ဘော်ဒီအတွင်းထဲက
ခေါင်းလောင်းသံတွေကို ငါ ပြန်ဆိုလိုက်တာပါ
ငါ တကယ်အိပ်ချင်နေပြီကွာ


လူဆန်း
၂၀၀၆
"ရေးသူလူဆန်း" မှ ကူးယူဖော်ပြသည်

ရွှင်ပျော်မြူး ပြဇတ်

Friday, October 16, 2009



ရေတံခွန်လို တဝေါဝေါ စက်လှေကားမှာ

တစ်ရက်ရှေ့တိုး တရက်နောက်ဆုတ်လို့ ရသလိုကြီး

ငါတို့ မျက်နှာချင်းဆိုင်မိကြ

နီးရာဆိုင်တစ်ဆိုင် ၀င်ထိုင်ကြ

ငါက အရက်ကောင်းကောင်းတွေကြိုက်

သူက ‘မော်’ စီးကရက်ကြိုက်သလို စီးကရက်ကြိုက်

တစ်ယောက်နဲ့တယောက်တော့ မကြိုက်တော့

ခုတော့ ဒီမှာ။


တစ်ယောက်ကိုတစ်ယောက် မကြိုက်တာကိုက ‘လွမ်းစရာ’

ငါက ကဗျာဆန်ပြတော့ သူ့ခပ်မျှင်းမျှင်း အလာပ သလ္လာပ

ဟိုတုန်းကလို လိင်ဆွဲဆောင်မှုမရနိုင်တော့တဲ့ ကုန်လွန်မှု

ငိုလည်း ရယ်လည်း အငိုအရယ်တွေက ရယ်စရာမဟုတ် ချောက်ချားစရာ

ထိုင်ကြည့်နေချင်စရာမဟုတ် မျက်နှာလွှဲပစ်စရာ

နာရီဝက်လောက်သာသာမှာ

စကားလုံးတွေလိုချင်

အတိတ်ကိုလိုချင် ပစ္စုပ္ပန်ကိုလိုချင် အနာဂတ်ကိုလိုချင်

အဲဒီအရာတွေ ပြည့်ဖောင်းလာခဲ့

ကြော်ငြာပူပေါင်းအကြီးကြီးလို

ကျီးအာသီးလို။


သူက သူ့လက်ပတ်နာရီကိုကြည့်

ငါက ဆိုင်က နံရံကပ်နာရီကိုကြည့်ပြီး

ဖက်ငိုသလို

ငါတို့ ရယ်မောလိုက်ကြတယ်။



အောင်ချိမ့်

ဟန်သစ် နိုဝင်ဘာ ၂၀၀၄ မှ ကူးယူဖော်ပြသည်။